ရခိုင့်လူ့အဖွဲ့အစည်း စာရိတ္တမဏ္ဍိုင် အချက်ပေးခေါင်းလောင်းသံ

By Admin | Posted on April 4, 2018 | Also posted in News, Society | | Tagged , , |

1999 Views

Kyauk Taw - 2017 April

၂၀၁၇ ခုနှစ် ဧပြီလ နောက်ဆုံးသီတင်းပတ်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ပြုလုပ်ခဲ့သော ကျောက်တော်တောင် ဘုရားပွဲသို့ လာရောက်ကြသည့် ရခိုင်လူငယ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ – RiA)

 

တော်ဝင်နွယ်/RiA ရေးသားသည်။

လွန်ခဲ့သော (၂၆-၃-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်ရှိ တန်ခိုးကြီးဘုရားများထဲမှာ တစ်ခုအပါအ၀င်ဖြစ်သော ပုဏ္ဏားကျွန်းမြို့၌ တည်ရှိသည့် ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) မှာ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ(၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဒဏ်ရာ ရသူများထဲတွင် (၂) နှစ်သားအရွယ် ကလေးမတစ်ဦးလည်း ပါဝင်ခဲ့သည်။ အဆိုပါဦးရာဇ်တော် ဓာတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃)ရက်မှ (၂၆)ရက်နေ့ထိ လေးရက်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပွဲတော်အစီအစဉ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ရခိုင်ရိုးရာပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ)၊ ရခိုင်ရိုးရာကျင်(နပန်း)ပွဲ၊ ဇာတ်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများ ပါဝင်ပြီး ဒေသခံတို့ အနေဖြင့် စဉ်လာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပနေခဲ့ခြင်းပင် ဖြစ်သည်။

အစီအစဉ်၏ နောက်ဆုံးနေ့ဖြစ်သော (၂၆-၃-၂၀၁၈) ရက်နေ့ မွန်းလွဲ (၂)နာရီကျော် အချိန်တွင် ပြိုင်လောင်းပွဲမှာ ပါဝင်ယှဉ်ပြိုင်သည့် ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာတို့က ကျေးရွားသားများ အချင်းချင်း စနောက်ကြရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ အင်လိုင်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသော သတင်းဓာတ်ပုံများနှင့် (၆) မိနစ်ခန့်ရှိသော ဗွီဒီယိုဖိုင် တစ်ခုတို့အရ အချင်းချင်း စနောက်ရာမှ စတင်ခဲ့သော ရန်ပွဲတွင် နှစ်ဖက် ရွာသားများမှာ လှော်တက်နှင့် တုတ်များကိုင်ဆောင်၍ ပွဲမဏ္ဍပ်အနီးရှိ မြစ်ကမ်းစပ်နားဘေးတွင် အပြန်အလှန် တိုက်ခိုက်နေခဲ့ကြသည်။

အချို့ကလည်း ကျောက်ခဲများဖြင့် ပစ်ပေါက်နေသည်ကို တွေ့မြင်ရသည်။ အချို့ပွဲကြည့်ပရိသတ်များထဲက အမျိုးသမီးများ၏ ကြောက်လန့် အော်ဟစ်သံများနှင့်အတူ အမျိုးသား ပရိသတ်များကလည်း တိုက်ခိုက်မှုများ ရပ်တန့်ကြရန် မေတ္တာရပ်ခံနေသည်ကို တွေ့မြင်ရသည်။ အနီးအနားရှိ မဏ္ဍပ်ထဲမှလည်း အချင်းချင်း ကိုယ့်လူကို ကိုယ်ထိန်းသိမ်းကြဖို့ရန်နှင့် လုံခြုံရေး ရဲဝန်ထမ်းများကလည်း ထိန်းသိမ်းပေးဖို့ရန်ကို အသံချဲ့စက်မှတဆင့် မေတ္တာရပ်ခံ တိုက်တွန်းနေသည့်အသံများ ကြားနေရသည်။ သို့သော်လည်း ကြောက်ခမန်းလိလိ အုပ်စုလိုက် အပြန်အလှန်တိုက်ခိုက်နေမှုကို တားမြစ်ရန်အတွက် လုံခြုံရေးဝန်ထမ်းများမှာ အချိန်မီ ရောက်လာသည်ကို မတွေ့ရှိရပါ။ အနီးအနားက ၀ိုင်းအုံကြည့်ရှုနေကြသည့် ပရိသတ်များမှာလည်း နှုတ်ဖြင့်မေတ္တာရပ်ခံနိုင်သည်မှအပ မည်သို့မျှ မတတ်နိုင်။ တချို့ပရိတ်သတ်များမှာလည်း ဤသို့ အချင်းချင်းတိုက်ခိုက်နေမှုကို အလွန်တရာ ရှက်ဖွယ်ကောင်းသည့် ဖြစ်ရပ်အနေဖြင့် ပြစ်တင်ရှုတ်ချနေခဲ့ကြသည်။

ဤသို့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ပြိုင်လောင်းပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ပွဲကို ရပ်နားလိုက်ရသည်။ နောက်ဆုံးတွင် လုံခြုံရေး အခြေအနေကို စိုးရိမ်ရသည့်အတွက် ကျင်(နပန်း)ပွဲ အစီအစဉ်မှအပ ညပိုင်း ဇာတ်ပွဲအပါအ၀င် ကျန် အစီအစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ရသည်။

လူတစ်စုကြောင့် အများပြည်သူပျော်ပွဲရွှင်ပွဲကို ဖျက်သိမ်းရသည်မှာ မဖြစ်သင့်ပါ။ ဤပွဲမှာ ဗုဒ္ဓပူဇနိယပွဲလည်းဖြစ်သည်။ ခိုက်ရန်ဖြစ်ပွားနေသူများမှာလည်း ဘုရားပွဲလာသည့် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြပါလိမ့်မည်။ လူတစ်စု၏ ဆင်ခြင်တုံတရား နိမ့်ပါးမှုကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရသည့် အချင်းချင်းတိုက်ခိုက်မှုမှာ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် လူမှုစံတန်ဖိုးများအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့သည်။

ခိုက်ရန်ဖြစ်ပွားမှုသည် အချင်းချင်းစနောက်ကြရာမှ မြစ်ဖျားခံသည်။ ရခိုင့်ရိုးရာ ပြိုင်လောင်းပွဲ(လှေပြိုင်ပွဲ)သည် ရခိုင့် လူ့အဖွဲ့အစည်း၏ လွန်စွာ ချစ်စရာကောင်းသည့် ယဉ်ကျေးမှု ပွဲတော် တစ်ခုပင်ဖြစ်သည်။ ရခိုင့်ရိုးရာပြိုင်လောင်းပွဲများကို ရခိုင်ပြည်ရှိ တခြားသော နာမည်ကြီး ဗုဒ္ဓပူဇနိယပွဲတော်များတွင် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ဓာတ် စေတီတော်ဘုရားပွဲထက် ပိုမိုစည်ကားသိုက်မြိုက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်များလည်း ရှိပါသည်။ ဥပမာ – မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော် ဘုရားပွဲ၊ ကျောက်တော်မြို့ရှိ ကျောက်တော်တောင် ဘုရားပွဲတို့မှာ ထင်ရှားပြီး၊ တခြားတခြားသော မြို့နယ်နှင့် ကျေးရွာအဆင့် ဘုရားပွဲတို့တွင်လည်း ဒေသ၏ လူမှုစီးပွားဘ၀ အခြေအနေအပေါ် မူတည်၍ ပြိုင်လောင်းပွဲ အစီအစဉ်များကို ထည့်သွင်း ကျင်းပပြုလုပ်ကြပါသည်။

အဆိုပါ မြောက်ဦး၊ ကျောက်တော်ရှိ ပြိုင်လောင်းပွဲများတွင် ဒေသခံများအပြင် ရခိုင်ပြည်ရှိ အနယ်နယ်အရပ်ရပ်မှ လာရောက်ဆင်နွှဲကြပါသည်။ မြောက်ဦးရှိ သျှစ်သောင်း ပုထိုးတော်ဘုရားပွဲကြီးမှာ အတာသင်္ကြန် ကုန်လွန်သည်နှင့် များမကြာမီမှာပင် စတင် ကျင်းပပြုလုပ်လေ့ရှိသည့် အစဉ်အလာမပျက်ကြက်ပျံမကျ စည်းကားသည့် ပွဲမျိုးလည်း ဖြစ်ပါသည်။ သျှစ်သောင်းဘုရားပွဲ၏ ပြိုင်လောင်းပွဲဆိုလျှင် ရေသင်္ကြန်ပွဲတော်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အတာကူးသည့်နှစ်သစ် သင်္ကြန်ကို ကုန်းပေါ်တွင် ကျင်းပ၍ မဏ္ဍပ်များတွင် ရေပက်ခံကြခြင်းဖြစ်ပြီး၊ သျှစ်သောင်းဘုရားပွဲက ပြိုင်လောင်းပွဲမှာ မြောက်ဦးမြို့လယ်ကို ဖြတ်သန်း စီးဆင်းနေသော ချောင်းထဲတွင် ကျင်းပပြုလုပ်ကြခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ပရိသတ်ထောင်ပေါင်းများစွာ လှေကြီးလှေငယ်စီး၍ တချို့ဆင်တူ ရောင်စုံ ၀တ်စားဆင်ယင်မှုတို့ဖြင့် ပြိုင်ပွဲကို လာရောက်အားပေးကြသည်။ ပွဲကျင်းပရေးအဖွဲ့၏ ဆန်းသစ်တီထွင်မှု အပေါ်မူတည်၍ ဖျော်ဖြေရေး အစီအစဉ်များကိုလည်း စနစ်တကျဖြင့် ပူးတွဲ တင်ဆက်ပေးသည်မှာ လွန်စွာပျော်ရွှင်ဖွယ်ရာ ကောင်းပါသည်။

ပြိုင်လောင်းပွဲတွင် ထူးခြားမှုတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်သည့် ကျေးရွာအသီးသီးမှ ကိုယ်စားပြု ယှဉ်ပြိုင်သူများနှင့် ပရိသတ်များအနေဖြင့် သံချပ်ထိုး၍ အားပေးခြင်း၊ ယှဉ်ပြိုင်ခြင်း တို့က ရခိုင်တို့၏ တန်ဖိုးရှိလှသည့် လက်ဆင့်ကမ်းယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်းဖြစ်သည်။ တစ်ရွာနှင့်တစ်ရွာ ယှဉ်ပြိုင်ဘက်များအကြား စနောက်ခြင်း၊ လှောင်ပြောင် သရော်ခြင်းတို့ကို သံချပ်ထဲတွင် သံချပ်စာသားအဖြစ် ထည့်သွင်း၍ တဖက်ကို တဖက်ကို အားနည်းချက် အားသားချက်များ အပါအ၀င် ယဉ်ကျေး ပျူငှာစွာဖြင့် ဖော်ထုတ် တင်ဆက်ပြကြသည်။ တနည်းအားဖြင့် လက်နက်ဖြင့်မဟုတ်ဘဲ ဆိုင်းသံဗုံသံတို့နှင့်အတူ သံချပ်ဖြင့် အပြန်အလှန် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ဤသည်မှာ ရခိုင့်လူ့အဖွဲ့အစည်း၏ ချစ်စဖွယ်ကောင်းသော အစဉ်အလာ တရပ်ပင်ဖြစ်သည်။ ရခိုင်တို့၏ အတိတ်သမိုင်းမှာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့ရာ ပဒေသရာဇ်ခေတ်တွင် ဘုရင်က ညီလာခံခေါ်၍ စည်းဝေးတိုင်ပင်ကာ ပွင့်လင်းမြင်သာစွာ တိုင်းသူပြည်သားတို့ကို အုပ်ချုပ်ခဲ့ပြီး၊ မဟာပညာကျော်ကဲ့သို့ ပညာရှိအမတ်များ၏ ရွှေမျဉ်းဓမ္မသတ်တို့ဖြင့် အုပ်စိုးခဲ့သည့် ပွင့်လင်းလွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းဖြစ်သည်။

ယခုခေတ် စကားဖြင့် ဒီမိုကရက်တစ် (democratic) ဆန်သော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် မှတ်ယူနိုင်သည်။

(၂၆-၃-၂၀၁၈) ရက်နေ့က ဖြစ်ပျက်ခဲ့သော ဦးရာဇ်တော် ဓာတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၏ ပြိုင်လောင်းပွဲတွင်ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာနှင့်သာစည်ကျေးရွာသားတို့ အနေဖြင့် စနောက်ရာမှ အချင်းချင်း အုပ်စုဖွဲ့ တိုက်ခိုက်ကြခြင်းမှာ ရခိုင့်ရိုးရာအစဉ်အလာအရ ရိုးရာပွဲတွင် ရိုးရာသံချပ်ကိုအသုံးပြုရမည့်အစား အကြမ်းဖက်မှုကိုဖြစ်စေသော လက်နက်တို့ကို အသုံးပြုသွားခဲ့ကြသည်။ ဤသည်မှာ ရခိုင့်လူ့အဖွဲ့အစည်း၏ အစဉ်အလာနှင့် ဖီလာဆန့်ကျင်နေသည်။ ရခိုင့် ယဉ်ကျေးမှု ကြန်အင်လက္ခာထဲတွင် ပြိုင်လောင်းပွဲမှာ အထင်ကရထဲမှ တစ်ခုဖြစ်ပြီး၊ ဒီမိုကရက်တစ်ဆန်သော ရခိုင့်လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပေါ်ပေါက်စေသည့်အပြင် ကျန်းမာကြံ့ခိုင်၍ တစ်ဦးချင်းစွမ်းဆောင်ရည်တို့ကိုလည်း မြှင့်တင်ပေးသည်။ ပြိုင်လောင်းပွဲမှာ ပါဝင် ဆင်နွှဲခြင်းဖြင့် နိုင်ငံတကာအဆင့် လှေလှော်ပြိုင်ပွဲ ခေတ်မှီအားကစားထိ ဆင့်ကဲဆန်းသစ်ပြုပြင် ဖော်ဆောင်သွားရမည့် ရခိုင်တို့၏ ရိုးရာအားကစားတစ်မျိုးလည်း ဖြစ်သင့်ပေသည်။ သို့ရာတွင်(၂၆-၃-၂၀၁၈)ရက်နေ့က ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ် ဘုရားပွဲ၏ ပြိုင်လောင်းပွဲမှာ အရုပ်ဆိုးအကျည်းတန်မှုကို ဖြစ်စေရန် မည်သည့်အရာများက တွန်းအားဖြစ်စေခဲ့သနည်း။

လုံခြုံရေးအားနည်းခြင်း

ခိုက်ရန်ဖြစ်ပွားချိန် ရဲဝန်ထမ်းများကို ပွဲမဏ္ဍပ်ထဲမှ အသံချဲ့စက်ဖြင့် မေတ္တာရပ်ခံနေသော်လည်း အချိန်မီ ရောက်မလာနိုင်ခဲ့ကြပါ။ အကြောင်းရင်းမှာ ရန်ပွဲဖြစ်နေချိန်အတွင်း လုံခြုံရေး ရဲဝန်ထမ်း အလုံအလောက်မရှိဘဲ (၂) ဦးတည်းသာ ရှိနေခြင်းကြောင့်ဟု သတင်းဌာနများက ဖော်ပြကြသည်။

ပွဲကျင်းပပုံ အခင်းအကျင်းနှင့် ပြင်ဆင်ဆောင်ရွက်ခဲ့ရပုံ ဖြစ်စဉ်အဆင့်ဆင့်ကို ကြည့်ခြင်းအားဖြင့် ပွဲကျင်းပရေးအဖွဲ့နှင့် ခွင့်ပြုထားသည့် သက်ဆိုင်ရာ အာဏာပိုင်များ၏ ကြိုတင်ပြင်ဆင်မှု လိုအပ်ချက်ပင်ဖြစ်သည်။ အခြားတဖက်တွင်လည်း ဘုရားပွဲတွင် လူ၏ ဆရာဖြစ်သော ဘုရားသားတော်များ အနေဖြင့် လောကီကောင်းကျိုးချမ်းသာအတွက် သာသနာ့ဝန်ကိုထမ်းရင်း လောကီလူသားတို့ကို တဖက်တလမ်းမှ ၀ိုင်းဝန်းထိန်းကျောင်းပေးရန် တာဝန်ရှိပါသည်။ ဥပမာ – အနယ်နယ်အရပ်ရပ်တွင် ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဘုရားထီးတော်တင်ပွဲ၊ ဘုန်းကြီးပျံပွဲ စသည်တို့တွင် ဘုရားသားတော်များ ကိုယ်တိုင် လုံခြုံရေးအဖွဲ့ဖွဲ့၍ ပွဲခင်းထဲ၌ အများပြည်သူကို အနှောင့်အယှက်ပြု ဆိုးသွန်းနေသော လောကီလူသားများကို ဆိုဆုံးမ၍ လိုအပ်သော ထိန်းကျောင်းပဲ့ပြင်မှုများကို ပြုလုပ်ပေးလေ့ရှိကြပါသည်။ စာရေးသူ၏ ငယ်စဉ်က အတွေ့အကြုံအရ မြောက်ဦးသျှစ်သောင်းဘုရားပွဲများတွင် ဘုရားသားတော်များကိုယ်တိုင် ၀ါးရင်းတုတ်၊ ကြိမ်တုတ်များကို ကိုင်ဆောင်၍ ခိုက်ရန်ဖြစ်ပွားမှု မရှိရအောင် ၀ိုင်းဝန်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးသည်တို့ကို တွေ့မြင်ဖူးပါသည်။ ပုဏ္ဏားကျွန်း ဦးရာဇ်တော်ဓာတ် ဘုရားပွဲရှိ ပြိုင်လောင်းပွဲတွင် (၂၆-၃-၂၀၁၈)ရက်နေ့က ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုတွင် ထိုသို့သော ဘုရားသားတော်များ၏ တာဝန်ယူ ထိန်းကျောင်းပေးမှုမှာ လစ်ဟာနေသည်ကို တွေ့ရှိရပါသည်။

ရပ်မိရပ်ဖများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု

(၂၆-၃-၂၀၁၈)ရက်နေ့က ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ဓာတ် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပြိုင်လောင်းပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လာသည့် ပြိုင်ပွဲဝင်များအချင်းချင်းကြားတွင်ဖြစ်စေ၊ ပရိသတ်များ အတွင်းဖြစ်စေ ခိုက်ရန်ဖြစ်ပွားမှု မရှိရအောင် ကိုယ်စားပြု ယှဉ်ပြိုင်သည့်ကျေးရွာများမှ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖတို့ အနေဖြင့် အတူတကွ ညှိနှိုင်းဆွေးနွေး၍ ထိန်းကြောင်းသည့် စနစ်များ ကြိုတင် ချမှတ်ထားသင့်ပါသည်။ ပြဿနာ တစ်စုံတရာဖြစ်လာခဲ့လျှင် အဆိုပါအတူတကွ ညှိနှိုင်းလုပ်ဆောင်သည့် အစုအဖွဲ့များက ၀င်ရောက်ဖြေရှင်းပေးခြင်းဖြင့် ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေသဘောမျိုး အနိမ့်ဆုံးအားဖြင့် လုပ်ဆောင်နိုင်ပါသည်။ စာရေးသူငယ်စဉ်က အတွေ့အကြုံတစ်ခုကို သာဓကအနေဖြင့် ထောက်ပြချင်ပါသည်။ မြောက်ဦးမြို့နယ် ကျေးရွာတစ်ရွာတွင် ကျေးရွာအတွင်း စုစည်းညီညွတ်မှု၊ ချစ်ကြည်မှုနှင့် ကိုယ်ကာယ ကျန်းမာရေး ရရှိစေရေးတို့ကို ရည်ရွယ်၍ အသက် (၁၆)နှစ်အထက် ရပ်ကွက်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ရာ တစ်နေ့တွင် အနောက်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်တို့ ယှဉ်ပြိုင်ကစားကြသည်။ ကစားနေစဉ်အတွင်း အနောက်ပိုင်းရပ်ကွက်မှ ကစားသမားတစ်ဦးနှင့် အရှေ့ပိုင်းရပ်ကွက်မှ ကစားသမားတစ်ဦးတို့ ဘောလုံးကို မကန်ဘဲ ခြေထောက်အချင်းချင်း ကန်မိကြရာမှ ဘောလုံးကွင်းထဲတွင် ဒိုင်လူကြီး ကိုယ်တိုင် ဟန့်တားမရသည့် ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ကြပြီး၊ နှစ်ဖက်အသင်းမှ အုပ်စုလိုက် အပြန်အလှန်အလှန် ၀ိုင်းဝန်းထိုးကြိတ်ကြသည့် အနေအထားထိ ကျရောက်သွားခဲ့သည်။ ထိုစဉ် ပွဲကြည့်ပရိသတ်ထဲက လူရိုသေရှင်ရိုသေ ဒု-ကျောင်းအုပ်အဆင့်ရှိ အထက်တန်းပြ ကျောင်းဆရာတစ်ဦးက ၀င်ရောက် တားမြစ်ခဲ့ရသည်။ အနောက်ပိုင်းရပ်ကွက်မှ ကစားသမားမှာ ထိုကျောင်းဆရာ၏ တပည့်ဖြစ်ပြီး၊ အရှေ့ပိုင်းရပ်ကွက်မှ ကစားသမားမှာ ထိုကျောင်းဆရာ နေထိုင်သည့် ရပ်ကွက်မှ ဖြစ်နေသည်။ ထို့ကြောင့် အဆိုပါ ကျောင်းဆရာအနေဖြင့် ပရိသတ်နေရာမှ ကွင်းထဲသို့ အပြေးအလွှား သွားရောက်ကာ ဆိုဆုံးမ၍ တားမြစ်လေရာ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့သည့်အပြင် ဘောလုံးပွဲကိုလည်း အောင်မြင်စွာ ပြီးဆုံးသည်အထိ ဆက်လက်ကျင်းပနိုင်ခဲ့ကြသည်။ ထို့ကြောင့် သက်ဆိုင်ရာ ကျေးရွာများရှိ ရပ်ဖိရပ်ဖများနှင့် လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ အထူးအရေးပါသည့် အခန်းကဏ္ဍတွင် ရှိပါသည်။ ဤသို့အားဖြင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ဖြစ်ထွန်းစေသော အလိုအလျောက် အပြန်အလှန် ထိန်းကျောင်းသည့်စနစ်များ အခိုင်အမာ ရှိနေစေရန်အတွက် သက်ဆိုင်ရာ အစိုးရများက စနစ်တကျ စီမံကိန်းများဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဤသည်မှာ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် Good Governance ၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပေသည်။

အနှုတ်သဘောဆောင်စရိုက်လက္ခဏာများ

ရခိုင့်လူ့အဖွဲ့အစည်းသည် ၁၇၈၄ ခုနှစ် ထီးနန်းပျက်သုဉ်းပြီးနောက် မိမိကြမ္မာ မိမိ လွတ်လပ်စွာ ဖန်တီးဆုံးဖြတ်ပိုင်ခွင့်/ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ် စီမံခန့်ခွဲပိုင်ခွင့်တို့ ဆုံးရှုံး သွားခဲ့ရပြီးနောက် ရခိုင့်လူ့အဖွဲ့အစည်း အတွင်းရှိ လူမှုပေါင်းစည်းညီညွတ်မှု (Social Cohesion) မှာ တစတစ ယိုယွင်းနေခဲ့ပြီး၊ အပေါင်းလက္ခာထက် အနှုတ်လက္ခာဘက်ကို သွားနေသည်မှာ ရာစုနှစ် (၂) ခုကျော်ရှိလာပြီဖြစ်သည်။ သာဓကအနေဖြင့် မိမိစာပေကို မိမိလွတ်လပ်စွာ သင်ကြားပိုင်ခွင့် ဆုံးရှုံးနေခြင်း၊ ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်း ကာကွယ်မြှင့်တင်ခြင်းတို့ ကင်းမဲ့နေခြင်း၊ အခြေခံလူမှုစီးပွားဘ၀ ချွတ်ခြုံကျနေခြင်း၊ လူမှုအသိုက်အ၀န်းတစ်ရပ်လုံး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လုံလောက်သော အခြေခံ အကာအကွယ်ပြုမှုများ (Social Safeguards) မရှိခြင်းတို့မှာ လက်ရှိ ရခိုင့် လူ့အဖွဲ့အစည်း၏ အနှုတ်သဘောဆောင် လက္ခာရပ်များပင်ဖြစ်သည်။ အခြေခံလူမှုစီးပွားဘ၀ ချွတ်ခြုံကျနေရခြင်းကြောင့် ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည်ထက် ကြုံရာကျဘန်း အလုပ်ဖြင့် ဘ၀ရှင်သန် ရပ်တည်နေရသည်က အများစုဖြစ်နေသည်။

တစ်ပတ်တစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ်ခန့်မျှ ဖမ်းမိနေသည့် မြောက်မြားလှစွာသော ရခိုင်ပြည်အတွင်း မူယစ်ဆေးဝါးများ ဖမ်းဆီးရရှိနေမှုတို့မှာလည်း ရခိုင့်အနာဂတ် မျိုးဆက်သစ်များကို မူးယစ်သားကောင်များအဖြစ် တွန်းပို့ပေးစေနိုင်သည့် အဓိက မောင်းနှင်အားဖြစ်နေသည်။ နိစ္စဓူဝ လုံခြုံရေးတာဝန်ကို ယူထားရသည့် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် လစဉ်နှစ်စဉ်အလိုက် ဖြစ်ပေါ်နေသည့် ရာဇ၀တ်မှုများ စာရင်းကို အမျိုးအစားအလိုက် အချိုးအစားလိုက် အစီရင်ခံစာများပြုစု၍ အများပြည်သူ လက်လှမ်းမီသော သက်ဆိုင်ရာဝန်ကြီးဌာန အင်တာနက်စာမျက်နှာများတွင် (၆ လ တစ်ကြိမ်) ၊ (၁ နှစ် ၁ ကြိမ်) ပုံမှန်ထုတ်ပြန်ပေးနိုင်ပါက ပိုမိုနီးစပ်စွာ အကဲဖြတ် သုံးသပ်နိုင်ကြပါလိမ့်မည်။

ပညာရေး အဆင့်အတန်းကို ကြည့်လိုက်လျှင်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စစ်တွေစာစစ်ဌာနရှိ ကျောင်းသားကျောင်းသူများ အတွင်းခံ ဘောင်းဘီချွတ်၍ စာမေးပွဲဖြေဆိုရသည့် တတိုင်းပြည်လုံးမှ အာရုံစိုက်ခဲ့ရသော သတင်းနှင့် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ (၄၄၆၀၄) ဦးအနက် (၄၆၁၆) ဦးမှာ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုရန် ပျက်ကွက်သည့် သတင်းတို့မှာ လက်ရှိရခိုင်ပြည်၏ အစိုးရပညာရေး အဆင့်အတန်းက အပေါင်းသဘောမဆောင်ပဲ အနှုတ်သဘောဆောင်နေသည့် လက္ခဏာရပ်ပင်ဖြစ်သည်။ လွန်ခဲ့သော(၂၀၁၇)နှစ်က ရခိုင်ပြည်နယ်၏ အခြေခံအထက်တန်းပညာ အောင်ချက် ရာခိုင်နှုန်းမှာလည်း မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာအရ (၁၇.၂%)ဖြင့် အနိမ့်ဆုံးအဆင့်တွင် ရှိနေကြောင်း တွေ့ရသည်။ ရခိုင်တပြည်လုံး စာတတ်မြောက်မှုနှုန်းထား၊ ပညာမသင်ကြားနိုင်သူဦးရေ၊ ကျောင်းထွက် ရာခိုင်နှုန်းစသည်တို့ကို သက်ဆိုင်ရာ ပညာရေးဌာနမှ အများပြည်သူ လက်လှမ်းမှီသော အင်တာနက် စာမျက်နှာများတွင် သုတေနပြု အစီရင်ခံတင်ပြပေးနိုင်ပါက ပိုမိုနီးစပ်သည့် အကဲဖြတ်ချက်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိမြေပြင် ပတ်ဝန်ကျင်အနေအထားအရ ရခိုင်ပြည်၏ လူမှုစီးပွားဘ၀ အခြေအနေမှာ အနှုတ်သဘောဘက်ကို ရွေ့လျားနေကြောင်း သိသာမြင်သာမှု ရှိနေပြီးဖြစ်ပါသည်။

သင်ခန်းစာထုတ်ရန်

(၂၆-၃-၂၀၁၈)ရက်နေ့တွင် ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်၏ ပြိင်လောင်းပွဲ၌ ဖြစ်ပျက်ခဲ့သော ရန်လို တိုက်ခိုက်မှုများ ဖြစ်ပွားသည့် နေရာ ပုဏ္ဏားကျွန်းမြို့မှာ လက်ရှိရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စားပြု မဲဆန္ဒနယ်လည်း ဖြစ်ပါသည်။ ဤအဖြစ်အပျက်ကို ဥပဒေရှုတောင့်မှ အဖြေရှာရန် ချဉ်းကပ် သင့်ပါသည်။ ဤအဖြစ်အပျက်ကို မည်သို့ ကုစားမည်၊ အလားတူ အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားရအောင် မည်သို့ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မည်တို့ကို ယခုအဖြစ်အပျက်က သင်ခန်းစာ ထုတ်သင့်ပါသည်။ ရခိုင့် လူ့အဖွဲ့အစည်းအတွင်း လူမှုစံတန်ဖိုးများကို ယုတ်လျော့ ပျက်စီးသွားစေနိုင်သည့် စရိုက် လက္ခဏာဆိုးများ ကင်ဆာဆဲလ်ကဲ့သို့ လှိုက်စားနေမှုကို အချိန်မီ ကုစားကြရန် လိုအပ်နေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအစိုးရနှင့် အဆင့်ဆင့်သော တာဝန်ရှိသူများမှ လွှတ်တော်တွင်း သက်ဆိုင်ရာ ရေးရာကော်မတီများဖြင့်ဖြစ်စေ ခေါင်းချင်းရိုက် ဆွေးနွေးသုံးသပ်၍ လိုအပ်သော မူဝါဒရေးရာနှင့် ဥပေဒေတို့ကို ပြဌာန်းသင့်က ပြဌာန်းကြရန် ကောင်းမွန်သော အနာဂတ်သို့ ရည်မျှော်ကာ အထူးအလေးပေးစဉ်းစားလျှက် ဦးစားပေးဆောင်ရွက်သင့်ပေသည်။

အရင်းစစ်က အမြစ်ပေါ် ဆိုသကဲ့သို့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး၊ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး စသည်တို့မှာ တိုင်းပြည်၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ အကန့်အသတ်ဘောင်ထဲတွင် ရောက်ရှိနေသည်။ ရခိုင်ပြည် လူမှုစီးပွားဘ၀ တိုးတက်မြင့်မားစေရန် ပြည်နယ်နှင့် ပြည်ထောင်စုအကြား သဘာဝ သယံဇာတနှင့် အခွန်ဘဏ္ဍာ ခွဲဝေရေးတို့နှင့် တိုက်ရိုက်သက်ဆိုင်နေခြင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် မိခင် ဘာသာစကားကို လွတ်လပ်စွာ သင်ကြားခွင့်တို့ အပါအ၀င် သင်ရိုးညွှန်းတမ်းများ လွတ်လပ်စွာ ရေးဆွဲပြဌာန်း ကျင့်သုံးပိုင်ခွင့်တို့ ရရှိရေးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတို့ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အာဏာခွဲရေးနှင့် တိုက်ရိုက် ဆက်စပ်နေခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုသည်မှာလည်း ရခိုင်သို့ လာသော မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းမိနေသည့် ဖြစ်ရပ်များအရ ပင်ရင်းအမြစ်ကို ဖော်ထုတ် သုတ်သင်ပစ်ရန်အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိမှုနှင့် တိုက်ရိုက် ဆက်စပ်နေခြင်းတို့ကို တွေ့ရှိရမည်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤအချင်းအရာများ အားလုံးသည် အမျိုးသားတန်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အပြည့်အ၀ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် အခြေခံနေပါသည်။

UN Sustainable Development Solutions Network က ထုတ်ပြန်သော (၂၀၁၅-၂၀၁၇) ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှု အဆင့် သတ်မှတ်ချက် အစီရင်ခံစာ World Happiness Report (WHR)တွင် မြန်မာက အဆင့် (၁၃၀) မှာရှိသည်။ အဆိုပါအစီရင်ခံစာမှာ လူတစ်ဦးချင်းဝင်ငွေ၊ လူမှုရေးအထောက်အပံ့ရရှိမှု၊ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှု၊ လွတ်လပ်မှု၊ ရက်ရောမှု၊ ခြစားမှု စသည့် အဓိက အချက်များအပေါ်အခြေခံ၍ နိုင်ငံပေါင်း (၁၅၆)နိုင်ငံကို စစ်တမ်းကောက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆင့်(၁၃၀) တွင် ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ညွှန်းကိန်း အချက်အလက်များအရ မည်သို့ကြိုးစားလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း အချက်ပြ ခေါင်းလောင်းသံပေးနေပါသည်။

(၁-၄-၂၀၁၈) ရက်နေ့က လက်ရှိ NLD အစိုးရသက်တမ်း (၂)နှစ်ပြည့်မိန့်ခွန်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၁၀)မိနစ်ကျော်ကြာ ဖတ်ကြား တင်ပြသွားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိန်းဂဏန်းများဖြင့် ပြည့်စုံအောင်ဖော်ပြ၍ မရနိုင်ကြောင်း၊ ကိန်းဂဏန်းများက ပြနေသော အခြေအနေများမှာ ပြည်သူများ၏ လူမှုစီးပွားဘ၀အပေါ် ဘယ်လောက်အစစ်အမှန် သက်ရောက်မှုရှိသည်က အဓိကဖြစ်ကြောင်း ပြည်ပဆန်တင်ပို့မှု ကိန်းဂဏန်းကို ဥပမာပေး၍ တင်ပြသွားခဲ့ပါသည်။

Grap WHR

ထို့နည်းတူစွာ ၂၀၁၇ ခုနှစ် WHR အစီရင်ခံစာပါ အချက်အလက် ကိန်းဂဏန်းများသည် လက်ရှိမြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်အပေါ် ထင်ဟပ်မှုရှိနေသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထို့ကြောင့် ပျက်စီးယိုယွင်းလာနေသော စာရိတ္တမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(၂၀၀၈)ကို လက်ညှိုးထိုး လွှဲချနေကြမည့်အစား “ဖျက်သင့်လျှင် ဖျက်၊ ပြင်သင့်လျှင် ပြင်၊ တပြိုင်တည်းလုပ်ဖို့လိုလျှင် လုပ်” ကြရန် အခြေအနေက တောင်းဆိုနေသည်မှာ ကြာမြင့် နေပြီဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ “ထမင်းရည်ပူ လျှာလွှဲ” ဆင်ခြေများက နေ့စဉ်လိုလို တိုးပွား ပျံ့နှံ့နေသည့် စာရိတ္တမဏ္ဍိုင်၏ ကင်ဆာဆဲလ်များကို ကုစားနိုင်လိမ့်မည် မဟုတ်ပါကြောင်း အချက်ပေးခေါင်းလောင်းသံ အကြိမ်ကြိမ် ထိုးပေးနေလျှက်ရှိပါသည်။

Related Post

Comments

comments

Root Agency