“ရခိုင်ပန်းပိတောက် သွေးမစွန်းစေလို”
By Admin | Posted on April 7, 2018 | Also posted in Opinion, Society Tagged ရခိုင်, သင်္ကြန်
416 Views
နိုင်လင်း/RiA ရေးသားသည်
အစိုးရ အဆောက်အဦများကို ဦးတည်ပြီး ဗုံးပစ်မှတ်ထား တိုက်ခိုက်ခံထားရတဲ့ ရခိုင်ပြည်နယ် အုပ်ချူပ်ရေးမြို့တော် စစ်တွေရဲ့ လုံခြုံရေးဟာ သင်္ကြန်ကာလအတွင်း အပြည့်အဝကာကွယ် ပေးနိုင်ပါ့မလားဆိုပြီး ဒေသခံတွေ စိုးရိမ်မှု ရှိနေ ပါတယ်။
ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ မနက်အာရုဏ်မှာ ပြည်နယ်အစိုးရအဖွဲ့ အဆောက်အဦတွေ ဖြစ်တဲ့ ပြည်နယ် အထွေထွေ အုပ်ချူပ် ရေးမှူး ဦးတင်မောင်ဆွေရဲ့ နေအိမ်၊ ပြည်နယ်တရားလွှတ်တော်ချူပ်ရုံးနှင့် ပြည်နယ်စာရင်းစစ်ဌာန ရုံးတို့ကို ဦးတည်ပြီး ဗုံး တိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် မပေါက်ကွဲသေးတဲ့ တပ်ဆင်ပြီး အဝေးထိန်းမိုင်း ၃ လုံးကိုပါ တွေ့ရှိခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်သည်တရားခံလို့ ယူဆရသူ ၉ ဦးထက်မနည်း ဖမ်းဆီးခဲ့ပေမယ့် ဒီနေ့ချိန်ထိ သက်သေပြနိုင်တဲ့ အထောက် အထားတွေ မရှိသေးပါဘူး။ အဲဒီထဲကလည်း ၅ ဦးကို ပြန်လွှတ်ပေးထားရပြီး ဖြစ်ပါတယ်။
ဒီပေါက်ကွဲ တိုက်ခိုက်မှုတွေအပြင် ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်း မြို့နယ်များဟာ အာဆာ လက်နက်ကိုင်များရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း စိုးရိမ်နေရပါတယ်။
ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေဟာ ၂၀၁၆ ခုနှစ်က စပြီး ဒီကနေ့ချိန်ထိ တည်ငြိမ်မှု မရနိုင် သေးပါဘူး။ မကြာခဏဆိုသလို မြိုတိုင်းရင်းသားများ သတ်ဖြတ်ခံနေရတာ ရှိသလို၊ ပျောက်ဆုံးနေသူများလည်း ရှိနေပါတယ်။
ဒီလို ခြိမ်းခြောက်မှုတွေဟာ အရင်တုန်းက ဝေးလံခေါင်သီဒေသများက ရဲလုံခြုံရေးအဆောက်အဦနဲ့ အရပ်သားတွေကို ဦးတည်ခဲ့တာ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၃ လ အတွင်းမှာ အုပ်ချူပ်ရေးအာဏာ ဗဟိုပြုစိုးမိုးရာ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်းတွေကို ပစ်မှတ်ထားလာပါတယ်။
မြောက်ဦး အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးကို ဆူပူအကြမ်းဖက်မှုအသွင်ဆန်ဆန် အရပ်သားတွေက တိုက်ခိုက်ခဲ့ပြီး နိုင်ငံတော်အလံတိုင်မှာ ရခိုင်အလံ လွှင့်ထူခဲ့သလို လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖြေရှင်းခဲ့ရပါတယ်။ အဲဒီအမှုတွဲအဖြစ် တာဝန်ရှိသူ မြောက်ဦးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရပြီး သူစီးနင်းလိုက်ပါလာတဲ့ ကားကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဆက်တိုက်ဆိုသလို အုပ်ချူပ်ရေးအရာရှိများ ရုံးထိုင်ရာ စစ်တွေမြို့ကို ဗုံးပစ်မှတ်ထားပြီး အစိုးရတာဝန်ရှိသူများကို ဦးတည်လာခဲ့တာကြောင့် ပြည်နယ်ရဲ့ လုံခြုံရေးဟာ တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းလွတ်သွားသယောင် အနေအထားလို့ ဆိုရလောက်အောင် ဖြစ်လာပါတယ်။
ဒီအခြေနေဆိုး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်ရဲ့ နှစ်သစ်ကူးဟာ လုံခြုံမှု ရှိပါ့မလား၊ ပြည်သူတွေ စိတ်ချမ်းမြေ့စွာ ပျော်ရွှင်ခွင့် ရနိုင်ပါမလား ဆိုတာကလဲ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ကတော့ သင်္ကြန်ကာလလုံခြုံရေးအတွက် ရဲအင်အား ၃၀၀၀ ကျော်ကို အသုံးပြုမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာတို့ရဲ့ နှစ်သစ်ကူးဟာ များသောအားဖြင့် အရက်သောက်သုံးမှုကို အများဆုံး ခွင့်ပြုထားတဲ့ ကာလဖြစ်တယ်လို့ ပြောရမလို ဘာသာရေးအားဖြင့်လည်း အေးချမ်းစွာ တရားကျင့်ကြံလိုသူတွေအတွက် ရက်ရှည် ခွင့်ရက် အများဆုံး ပေးထားတဲ့ ကာလတစ်ခုလည်း ဆိုနိုင်ပါတယ်။
လူငယ်တွေအပါအဝင် သက်ကြီးပိုင်းတွေအတော်များများက ဘုန်းတော်ကြီးကျောင်းနှင့် လမ်းပေါ်မှာ ရှိနေမှာ ဖြစ်တဲ့ ကာလအတွင်း အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်ဖို့ ပစ်မှတ်ကို ရွေးချယ်သူတွေရဲ့ အကြိုက် ဖြစ်လာစေပါတယ်။
ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးဟာ အာဆာရဲ့ ခြိမ်းခြောက်မှုအပါအဝင် အမည်အတည်ပြုရန် ခက်ခဲနေသေးတဲ့ အင်အားစုတချို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒေသနေ ပြည်သူတွေရော အစိုးရအဖွဲ့ အပါအဝင် အုပ်ချူပ်ရေး အရာရှိများကပါ ကျီးလန့်စာစားနေရတဲ့ သဘောပါ။
သင်္ကြန် ဆင်နွဲလိုသူများက နှစ်သစ်ကူးမှာ ဒီစိုးရိမ်မှုနဲ့ပဲ ပျော်ရွှင်မှုကို ရှာဖွေရမယ့် အခြေအနေဖြစ်နေပါတယ်။ ရဲလုံခြုံရေးနှင့် ပြည်နယ်အာဏာပိုင်များကလဲ တဘက်က သူတို့ရဲ့ လုံခြုံရေး၊ တဘက်က ပြည်သူ့အိုးအိမ်နှင့် အသက်လုံခြုံရေးကိုပါ ကာကွယ်နိုင်ဖို့ လိုနေပါတယ်။
ရေကစားကြသူများနှင့် လုံခြုံရေးကြား ပျော်ရွှင်မှုတွေကိုပါ မထိခိုက်ဖို့ကိုလဲ သတိပြုကြရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ သင်္ကြန်မှာတော့ မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းက တပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များနှင့် သူတို့ မိသားစုတွေက ပေါင်းတုပ် ကူးတို့ဆိပ်ကျေးရွာက လူငယ်တချို့ကို တားပြီး ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ အလားတူဖြစ်ရပ်မျိုး ယခုနှစ်မှာ ထပ်မံမပေါ်ပေါက်ဖို့ လိုပါတယ်။
ပြည်နယ်ရဲ့ ဒေါသဟာ ဘယ်သူ့ကို ပုံချရမလဲ ဆိုတဲ့အခြေအနေ ဖြစ်နေသလို အုပ်ချူပ်ရေးပိုင်းရဲ့ ဒေါသကလဲ အရပ်သားကို ဦးတည်နေမယ်ဆိုရင် မလိုလားဖွယ်ရာ ဆုံးရှုံးနစ်နာမှုတွေက သင်္ကြန်ကို အကျည်းတန်သွားစေမှာပါ။
ဒီလို စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှု အမြင့်ဆုံးမှာ ရှိနေတဲ့ ပြည်နယ်ရဲ့ သင်္ကြန်မှာ လုံခြုံရေးစောင့်ကြည့်ကင်မရာတွေ တပ်ဆင် ထားမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို စုံစမ်းမေးမြန်းလို့လဲ မရသေးပါဘူး။ သင်္ကြန် မဏ္ဍပ်ပေါင်း ၄၅ ခုကို မြို့နယ် ၁၇ ခုမှာ အစိုးရက တရားဝင် တည်ဆောက်ပေးမှာ ဖြစ်ပြီး တစ်ခုစီ အတွက် လုံခြုံရေးအင်အား ၁၀၀ ထက်နည်း ချပေးမယ်လို့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားထားပါတယ်။
နှစ်သစ်ကူးသင်္ကြန်မှာ ပန်းပိတောက်ကို သွေးစွန်းစေတာမျိုး မဖြစ်ဖို့ကိုတော့ ရခိုင်သားတိုင်းက လိုလားကြမှာအမှန်ပါ။