မြေပုံတွင် ဘာသာရေးကို အကြောင်းပြု၍ ဘုန်းတော်ကြီးသည် မြေရောင်းစားနေကြောင်း ဒေသခံများဆို

By Admin | Posted on April 25, 2018 | Also posted in News, North Rakhine | | Tagged , , |

1266 Views

Myaing Thar Yarr_With Logo

သတင်းဓာတ်ပုံ – ဘုန်းတော်ကြီး ညာဏိသာရမှ မြိုင်သာယာကျေးရွာတွင် လက်ရှိဖောက်လုပ်နေသော မြေနေရာ၏ အစိတ်ပိုင်းတစ်ခုကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-RiA)

 

အောင်အောင်ထူး/RiA

မြေပုံ၊ ဧပြီလ ၂၅ ရက်။ ဘာသာရေးကို အကြောင်းပြ၍ ဒေသခံများ၏ မြေကို သိမ်းဆည်းကာ ပုဂ္ဂလိက လက်ထဲသို့ ပြန်လည်ရောင်းချမှုများ ပြုလုပ်နေကြောင်း မြေပုံမြို့နယ် မြိုင်သာယာကျေးရွာသားများက ဆိုသည်။

ရန်ကုန်-  စစ်တွေ အဝေးပြေးလမ်းမပေါ် တည်ရှိသည့် အဆိုပါ ကျေးရွာမှ မြေယာအချို့ကို ဘုရားတည်မည်ဟု ဆိုကာ သိမ်းဆည်းခံခဲ့ရသည့် မြေပိုင်များမှ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ရွာသူ၊ ရွာသား တွေ လုပ်စားမယ့်ဟာ မကျန်တော့ဘူး။ တစ်လက်မက မကျန်ဖဲ့ယူတယ်။ ရပ်ရွာအတွက် လုပ်နေတာမဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် လုပ်နေတာ။” ဟု သိမ်းဆည်းခံ မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဒေသခံ ဦးမောင်သန်းတင်က RiA သို့ ပြောသည်။

ဦးမောင်သန်းတင် ပိုင်ဆိုင်သည့် မြေများထဲမှ ကြည်ဖြူစွာ ပေးလှူသော ၃ ဒဿမ ၇၀ ဧက ကို ပေးလှူခဲ့ရာတွင် ဧက ၁၀ ထိ အဆိုပါ ဘုန်းတော်ကြီးမှ နေရာယူလာသည့်အတွက် မကျေမနပ်ဖြစ်မိသည်ဟု ၎င်းက ဆိုသည်။

ထို ဘုန်းတော်ကြီးမှာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ကျောင်းတိုက် သာသနဇောတိက ကျောင်းဆောင်မှ ဦးညာဏိသာရ ဟု သိရပြီး မြိုင်သာယာကျေးရွာကို စတင် တည်ထောင်ခဲ့သူလည်း ဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

ယခုလို မြေများအား သိမ်းဆည်းပြီး ရောင်းစားမှု ရှိနေသည်ဟု စွပ်စွဲမှုနှင့် ပတ်သက်၍ ဘုန်းတော်ကြီး ဦးညာဏိသာရသို့ ဆက်သွယ်ခဲ့ရာတွင် ၎င်း အလုပ်လုပ်ရန် ပြင်ဆင်ထားသည့် မြေနေရာမှာ အဆင်မပြေဖြစ်သောကြောင့် ယခင် မြေဖလှယ်ထားသည့် မြေနေရာကို ပြန်လည် အသုံးပြုခြင်းဟု ဆိုသည်။

“ဆရာတော်တို့က ဖက်ကမြေ တောင်တက်လမ်းမှာ မပါတဲ့အတွက် မြေချင်းလဲလိုက်တယ်။ ဆိုတော့ ဆရာတော်ဆီက မြေကို သူ့မှာ ရောင်းစားလိုက်တယ်။ ဆရာတော် အလုပ်လုပ်ဖို့ ပြင်တဲ့အခါကျတော့ မဆုတ်ပေးဘူး။ ဆရာတော်က မဆုတ်ပေးရင်လည်း မဆုတ်ပေးနဲ့ တောင်တက်လမ်းတော့ နည်းနည်းဆုတ်ပေးလို့ စုစုပေါင်း ပေ ၂၀ ကျော်လောက် ရှိမယ်။” ဟု ဘုန်းတော်ကြီး ဦးညာဏိသာရက RiA သို့ မိန့်သည်။

မြိုင်သာယာကျေးရွာ၏ ယခုလို မြေယာပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာ ကိစ္စရပ်အပါအဝင် ဘုန်းတော်ကြီး ယခုလို စွပ်စွဲမှုများနှင့် ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံများက ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် မြေစာရင်းဌာနသို့ တိုင်ကြားထားသည်ဟု သိရသည်။

“သူတို့ ဘယ်ပုံစံမျိုးလုပ်မယ်တော့ မသိသေးဘူး။ သူတို့ကတော့ ရွာစည်းကမ်း အရသွားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော့်မှာက ရွာမြေနဲ့မဆိုင်ဘူး။ ချင်းမြေတွေကို ဝယ်ထားတာ။ သူတို့ ဘယ်လို လုပ်မလဲဆိုတာကိုတော့ ကျနော် စောင့်ကြည့်နေတယ်။”ဟု မြိုင်သာယာကျေးရွာနေ ဒေသခံ ဦးထွန်းထွန်းမြင့်က ပြောသည်။

ဆရာတော် ဦးဥာဏိဿရမှာ ရပ်ရွာအတွက် အစစအရာရာ ကူညီဆောင်ရွက်ပေး နေသည်ဟု အချို့က ပြောဆိုကြသော်လည်း ရွာမှ လယ်ယာမြေများကို အကွက်ရိုက်ကာ ရောင်းစားနေသည်ဟု RiA သို့ သတင်းပေးနေသူများလည်း ရှိသည်။

မြိုင်သာယာကျေးရွာကို ဘုန်းတော်ကြီး ဦးဥာဏိဿရက ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတု ဒါဏ်များကြောင့် တစ်ခြားကျေးရွာများမှ ရွေ့ပြောင်းအခြေချ နေထိုင်လာကြသူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယခုချိန်တွင် အိမ်ထောင်စု ၃၃၉ စုနှင့် လူဦးရေ ၁၇၈၀ ဦး နေထိုင်လျက်ရှိသည်။

 

Related Post

Comments

comments

Root Agency