အစိုးရ၏ ထောက်ပံ့ငွေအား ခေါင်းပုံဖြတ်ခံနေရသည်ဟု ကိုယ်ဝန်ဆောင်မိခင်များ ပြောကြား

By Admin | Posted on June 5, 2018 | Also posted in News, North Rakhine | |

1192 Views

DSC_4326

သတင်းဓာတ်ပုံ- စစ်တွေ ဆတ်ရိုးကျမီးလောင်မှုမှ မီးဘေးဒုက္ခသည် မိသားစု တစ်ခုအား ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – RiA)

 

အောင်အောင်ထူး/RiA

စစ်တွေ၊ ဇွန်လ ၅ ရက်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား သုံးလတစ်ကြိမ် ထောက်ပံ့နေသည့် ငွေကြေးမှ ခေါင်းပုံဖြတ်စားမှုများ ရှိနေကြောင်း ကိုယ်ဝန်ဆောင်မိခင်များက ပြောသည်။

တစ်လစီတွင် ငွေ ၁၅၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးရာမှ ပထမအကြိမ်အဖြစ် သုံးလတစ်တာအတွက် ၄၀၀၀၀ ကျပ် သာပေးခဲ့သလို ယခု တစ်ကြိမ် ၆ လတာအတွက် ပေးရာတွင်လည်း ၉၀၀၀၀ ကျပ် ပေးရမည်ကို စရိတ်ဟုဆိုကာ ၁၀၀၀၀ ကျပ်အထိ ဖြတ်တောက်ရာ မကျေနပ်ဟု ဆိုကြသည်။

“ခြောက်လအတွက် ကိုးသောင်းပေးတယ်။ သူတို့က စရိတ်ဆိုပြီး တစ်သောင်းဖြတ်တယ်။ ရှေ့လက လေးသောင်းခွဲ ပေးတယ်။ သုံးလအတွက်။ အဲဒီထဲက သူတို့ ငါးထောင်ဖြတ်တယ်။ အများစုကတော့ မကျေနပ် ကြဘူးလေ။ ဒါပေမဲ့ သူတို့တောင်းရင်တော့ ပေးရတယ်။ တစ်ခြားရွာတွေကတော့ ကိုးသောင်းပေးရင်  ကိုးသောင်း ရတယ်လို့ ဆိုတယ်။”ဟု ရသေ့တောင်မြို့နယ် မိကျောင်းရေသောက်ကျေးရွာမှ ၂ နှစ်အောက် ကလေးငယ်၏ မိခင် ဒေါ်လှိုင်လှိုင်မိုးက RiA သို့ ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာ အုပ်စုမှ အဆိုပါ ကျေးရွာအပါအဝင် ကျောက်စာတိုင်နှင့် ဗောဓိကုန်း စသည့်ကျေးရွာ သုံးခုလုံးတွင် ထိုသို့ ဖြတ်တောက်ခြင်းခံရကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုသို့ ငွေဖြတ်တောက်ခြင်းနှင့် ပတ်သတ်၍ မေးမြန်းရာ ကျောက်စာတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျန်ဖြူအား မေးမြန်းရာတွင် ” ငွေပေးအပ်သည့် အချိန်တွင် ၎င်းမှာ ခရီးလွန်နေခဲ့၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေး မည်ဖြစ်ကြောင်း” RiA သို့ ဖြေကြားပြီး တစ်နာရီခန့် အကြာတွင် ၎င်းကိုယ်တိုင် တယ်လီဖုန်းဖြင့် ဆက်သွယ်လာသည်။

ယင်းနောက် ဗောဓိကုန်း ကျေးရွာမှ ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေး မိခင် ၁၁ ဦးကို ခေါ်ယူကာ RiA နှင့် တိုက်ရိုက်စကား ပြောခိုင်းသည်။

ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေး မိခင် ၁၁ ဦးထဲမှ အချို့ကလည်း ငွေအပြည့်ရသည်မှာ ဟုတ်မှန်ကြောင်း ထို ဖုန်းဆက်သွယ်ချက်တွင်  ဖြေကြားကြသည်။

သို့ရာတွင် ငွေအပြည့်ပေးခဲ့သည်မှာ မဟုတ်မှန်ဘဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဟုတ်မှန်ကြောင်း ဝန်ခံလက်မှတ် ရေးထိုး ခိုင်းခြင်းသာဖြစ်ပြီး ငွေကို ပြန်လိုချင်လျှင် ပြန်ပေးမည်ဟု ပြောဆိုကြောင်း RiA သို့ သတင်းပေးသူများ ရှိနေသည်။

“ဖုန်းပြောနေတုန်းက ကျမရှိတယ်။ ကျမတို့ကို ကိုးသောင်းရကြောင်း၊ လေးသောင်းခွဲရကြောင်း ပြောရမယ် ဆိုပြီး နားချပြောတယ်။ လက်မှတ် ထိုးခိုင်းလို့ ထိုးခဲ့ရတယ်။ သူတို့ကတော့ ပိုက်ဆံကို ပြန်ယူမယ်ဆိုရင် ပေးမယ်တဲ့။ သူတို့က ကျမတို့ကို ကြောက်လို့ ခေါ်လို့ ပြောတာမဟုတ်ဘူးလို့ ပြောတယ်။”ဟု လောလောဆယ်တွင် အမည်မဖော်လိုသေးသော မိခင် တစ်ဦးက RiA သို့ ဆိုသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် အရွယ်ကလေးငယ်များကို ထောက်ပံ့သောငွေမှ မနည်းသော ငွေပမာဏအား ဖြတ်တောက်နေခြင်းကို အစိုးရတာဝန်ရှိသူများကို သိရှိစေလိုသည်မှအပ တစ်ခြားရည်ရွယ်ချက် မရှိကြောင်း အဆိုပါ ကျေးရွာဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေး လိုအပ်ချက်နှင့် အာဟာရကို ဖြည့်တင်း ပေးနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလမှ စတင်ကာ တစ်လလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ်စီ ထောက်ပံ့ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

 

Comments

comments

Root Agency