၆၆ ဃ နှင့် အမှုဖွင့်ခံရတဲ့ ရခိုင်အမတ်ကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းမှ ဖမ်းဆီးခွင့်ပြုမည်

By Admin | Posted on June 5, 2018 | Also posted in News, Politics | | Tagged , |

319 Views

 

Rakhine State Parliment

နောင်နောင်/RiA ၊

စစ်တွေ၊ ဇွန်လ ၅ ရက်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းမှ ဥပဒေနဲ့ အညီ ဖမ်းဆီး စစ်ဆေးခွင့် ပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က စာထုတ် အကြောင်းကြားထားတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းက RiA ကို ပြောပါတယ်။

“အရေးပေါ်အစည်းဝေးက ဇွန်လ ၈ ရက်နေ့ထိ ရှိတယ်လေ။ ဒါကြောင့် ၈ ရက်နေ့ နောက်ပိုင်းမှ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ပါ ဆိုတာကို စာထုတ်ထားပါတယ်။”လို့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းက ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို တရားစွဲဆိုရင် ဖမ်းဆီးစစ်ဆေးနိုင်ဖို့ လွှတ်တော်ဥက္ကဌဆီက ခွင့်ပြုချက် ယူရမှာဖြစ်ပြီး လွှတ်တော် အစည်းဝေး ကျင်းပပြီးဆုံးချိန်တွင် လွှတ်တော် ဥက္ကဌက ဖမ်းဆီးစစ်ဆေးခွင့် ပြုပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ လက်ရှိ ရခိုင်ပြည်နယ်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု နိမ့်ကျနေတာတွေအပါဝင် ပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်ရေး ယန္တရားပိုင်း ဖြစ်ပျက်နေတာနဲ့ ပတ်သတ်ပြီး ဝေဖန်ရေးသားခဲ့ပါတယ်။

ဝေဖန်ရေးသားချက်နဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို အမှုဖွင့်ပေးဖို့ ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုလုပ်ပြီး ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) မြို့မ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အမှုဖွင့် အရေးယူထားတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဖမ်းဆီး စစ်ဆေးခွင့်ပြုဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇွန်လ ၃ ရက်နေ့က ပြည်နယ်လွှတ်တော် ဥက္ကဌထံ တင်ပြခဲ့ပါတယ်။

လက်ရှိမှာ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းဝေး ကျင်းပနေဆဲ ကာလဖြစ်တာကြောင့် ပြည်နယ် လွှတ်တော်က ဖမ်းဆီးခွင့် မပြုခဲ့ဘဲ လွှတ်တော် အရေးပေါ်အစည်းဝေး ပြီးဆုံးချိန် ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းမှ ဖမ်းဆီးစစ်ဆေးခွင့် ပြုနိုင်မယ်ဆိုတာကို ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ကို စာပို့ အကြောင်းကြားခဲ့တာလဲ ဖြစ်ပါတယ်။

Related Post

Comments

comments

Root Agency