“ပြည်ထောင်”ဆိုသည်မှာ

By Admin | Posted on June 27, 2018 | Also posted in Opinion | | Tagged , , , |

546 Views

တော်ဝင်နွယ် ရေးသားသည်

၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်မှ (၁၂)ရက်နေ့ထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင် အမျိုးသားအဆင့် မူဝါဒရေးရာနှီးနှော ဖလှယ်ပွဲ (Arakan National Stakeholder Consultation Meeting) တစ်ခုကို ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) မှ ကမကထပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပ ရခိုင်အမျိုးသားကိုယ်စားပြု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုအဓိက လူ့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအပါအ၀င် ရခိုင်မျိုးနွယ်စု ပါတီများနှင့် လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအပြင် တသီးပုဂ္ဂလများ တက်ရောက်ခဲ့ကြသည်။

အဆိုပါနှီးနှောဖလှယ်ပွဲအပြီး သတင်းထုတ်ပြန်ချက်နှင့် သတင်းမီဒီယာများတွင် ဖော်ပြချက်တို့အရ “ရခိုင်ပြည်ထောင်” ဆိုသည့် ဝေါဟာရနှင့်ပတ်သက်၍ အင်တာနက် လူမှုကွန်ယက် စာမျက်နှာများတွင် ဆွေးနွေး ငြင်းခုံမှုများနှင့်အတူ ဆဲရေး ပြောဆိုမှုများ အပါအ၀င် ပွဲကျင်းပရေးအဖွဲ့တွင် ဦးဆောင်ပါဝင်သူ အချို့ကိုလည်း ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ကြံမှု (character assassination) ပုံစံမျိုး တိုက်ခိုက်မှုများထိ ထွက်ပေါ်လာခဲ့သည်။ တချို့ကလည်း မိမိတို့၏ တန်ဖိုးကို ယုတ်လျော့စေသည့် ပုံစံမျိုး ပြက်ရယ်ပြုကြသည်။

အဘယ်ကြောင့် “ရခိုင်ပြည်ထောင်” ဆိုသည့် စကားစုက အငြင်းပွားဖွယ်ရာ မကျေမချမ်းဖြစ်စရာ ရှိနေရသည်ကို စောကြောကြည့်ရာ ဝေါဟာရအခြေခံအပေါ် မရှင်းလင်းသည်ထက် အယူအဆပိုင်း ဆိုင်ရာတွင် ကွဲပြားမှုအပေါ် အခြေခံသည်ကို တွေ့ရှိရသည်။ တချို့ က “ရခိုင်ပြည်ထောင်” ဆိုသည်ကို “ရခိုင်နိုင်ငံ” အခြေခံရှုထောင့်မှ ချဉ်းကပ် ကြည့်ကြသည်။ တချို့က ဝေါဟာရ အနက်အဓိပ္ပာယ်ကို မရှင်းသည့်အခြေခံမှ ပြောဆိုကြသည်ကို တွေ့ရသည်။ ဤအခြင်းအရာကို ဘာသာဗေဒနှင့် နိုင်ငံရေးအခြေခံ ရှုတောင့်နှစ်ခုမှ တင်ပြကြည့်ပါမည်။

 

web 1

လက်ရှိအသုံးပြုနေသော မြန်မာစာကို ရခိုင်စာဟု ယုံကြည်ချက်ဖြင့် ရခိုင်ဘာသာဗေဒ အခြေခံကို တင်ပြပါမည်။ အကျယ်ကို သိပ္ပံနည်းကျ သုတေသနပြုစုထားခဲ့သော ဆရာကြီးဦးစံသာအောင်၏ ရခိုင်အက္ခရာ ဆင်းသက်လာပုံ စာအုပ်တွင် ရှုပါ။ လက်ရှိအသုံးပြုနေသော ရခိုင်စာကို မြန်မာမူ ပြုထားသည့်မူဖြင့် အစိုးရပညာရေး (Formal Education) တွင် အုပ်စိုးသူ လူတန်းစားများက ချမှတ် ဖော်ဆောင်ထားသည်။ သို့ဖြစ်၍ ရခိုင်ထီးနန်းပျက်သုဉ်းကာ ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးပြီး ၁၇၈၄ နောက်ပိုင်းမှ ယနေ့ထိတိုင် မိမိတို့ မိခင်ဘာသာစကားကို တရားဝင် လေ့လာ သင်ကြားခွင့် မရရှိသည်မှာ မျိုးဆက် (၅)ဆက်မြောက်ခန့် ရှိနေပြီဟု ဆိုရပေမည်။ မည်သို့ပင်ဆိုစေ ရခိုင်စာကို မြန်မာမှုပြုမူဖြင့် သင်ကြား တတ်မြောက်လာသည့် မျိုးဆက်များအကြား အချင်းချင်း ကူးလူး ဆက်ဆံရေးတွင် အခက်အခဲ မရှိလှ။ အပြည့်အ၀ ချော့မွေ့မှု မရှိလှသော်လည်း အဆင်ပြေသည့် အနေအထားဟု ဆိုရပေမည်။ ထို့ကြောင့် “သဒ္ဒါမနိုင် ရခိုင်မေး၊ ရရစ်မသိ ရခိုင်နှင့်ညှိ” ဟူ၍ပင် မြန်မာမှာ ဆိုရိုးရှိနေသည် မဟုတ်ပါလော။ မြန်မာတွင် “ရေးတော့ အမှန်၊ ဖတ်တော့ အသံ” ဆိုသည့်မူ၊ ရခိုင်တွင် “ရေးတော့လည်း အမှန်၊ ဖတ်တော့လည်း အမှန်” ဆိုသည့်မူဖြင့် မိမိတို့ မူရင်းမိခင် ဘာသာစကားကို ပိုမိုတိကျ မှန်ကန်စွာ လေ့လာ သင်ယူကြသည်။ သို့ဖြစ်၍ လက်ရှိမြန်မာစာကို ရခိုင်စာဟု ခံယူချက် ယုံကြည်ချက်အပြည့်ဖြင့် ခံစားတင်ပြခြင်း ဖြစ်ပါသည်။

 

“ပြည်ထောင်” ဆိုသည်မှာ စကားလုံး ၂ လုံးဖြစ်သည်။ “ပြည်” နှင့် “ထောင်” ကို တွဲသုံးထားသည်။ အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနမှ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသည့် မြန်မာ အဘိဓာန်တွင် “ပြည်” ကို “ရှေးခေတ်မင်းနေမြို့တော်၊ နိုင်ငံ၊ တိုင်းပြည်။” ဟူ၍လည်းကောင်း၊ “ထောင်” ကို “ထူထောင်သည်” ဟူ၍လည်းကောင်း အနက်ဖွင့်ဆိုပြထားသည်။

web 2

 

၂၀၁၅ ခု၊ မေလတွင် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသော ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်း ပြုစုသည့် ရခိုင်သုတ အဘိဓာန်တွင် “ထောင်နယ်” ကို အဓိပ္ဗါယ်ဖွင့်ဆိုထားသည်မှာ “ရခိုင်အချို့အရပ်တို့တွင် ရှေးမူမပျက် ယခုတိုင် ရှိနေပြီး ရပ်ရွာဆယ်ခုမျှလောက်ပါသည့် ဒေသအရေးကို စုပေါင်းဖြေရှင်းရသည့်ဓလေ့ ဖြစ်သည်။ ရှေးအခါက အိမ်ခြေတစ်ထောင်ရှိသောအုပ်ချုပ်ရေးနယ်တစ်ခု ဖြစ်သည်။ ထောင်ပိုင်မင်းက အုပ်ချုပ်ခဲ့ရသည်။ ထောင်ဘုရားပွဲဟု ရှိခဲ့သည်။” ဟု ဖော်ပြထားပါသည်။

၂၀၁၇ ခု၊ သြဂုတ်လထုတ် ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်း၏ “ရက္ခမှန်ဖူး ရွှေမြောက်ဦးနှင့် လေ့လာချက်များ Mrauk-U The Pride of Arakan & Its Studies” စာအုပ်တွင် မြောက်ဦးခေတ် အုပ်ချုပ်ရေးစနစ်အကြောင်းကို ဖော်ပြရာ၌ “ပြည်ထောင်” ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။ “တိုင်းပြည်မြို့ ရွာများကို စနစ်တကျ ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ကြသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လက်ထပ်ပြီးလျှင် ၎င်းတို့ကို တတည် (အိမ်)ထောင်ဟု ခေါ်သည်။ ဆယ်တည်ထောင်လျှင် တစ်ရပ်၊ ဆယ်ရပ်သည် တစ်ရွာ၊ ဆယ်ရွာ တစ်မြို့ / တစ်ထောင် / တစ်ကျွန်း၊ ဆယ်မြို့သည် တစ်ခွင်၊ ဆယ်ခွင်သည် တစ်တိုင်း၊ ဆယ်တိုင်းသည် တစ်ပြည်ဖြစ်သည်။ ဆယ့်နှစ်ပြည်ဆိုလျှင် ပူရပြည့် (စံမီ)တိုင်းပြည်ဟု သတ်မှတ်သည်။”ဤအချက်မှာ ရခိုင်-မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းမှ ပြောကြားချက်ဟုလည်း မှတ်သားရပါသည်။

သို့ဖြစ်၍ “ရခိုင်ပြည်ထောင်” ဟုခေါ်ဆိုရာဝယ် ဘာသာဗေဒအခြေခံရှုတောင့်မှ အငြင်းပွားဖွယ်ရာ မရှိဟု ယူဆရပါသည်။

“ပြည်ထောင်” ဆိုင်ရာဝေါဟာရနှင့် တိုက်ရိုက် သွယ်ဝိုက်ဆက်စပ်နေသော တခြားဝေါဟာရများမှာ “ပြည်နယ်” ၊ “နိုင်ငံ” ဟူ၍ တွေ့ရှိရပါသည်။ လက်ရှိတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)အရ “ပြည်နယ်” ဟူ၍ သတ်မှတ် ထားပါသည်။ အထက်ဖော်ပြပါ မြန်မာအဘိဓာန်တွင် “ပြည်နယ်” ကို “တိုင်းရင်းသားလူမျိုးအလိုက်ဖြစ်စေ၊ ပထ၀ီ နယ်နမိတ် အလိုက်ဖြစ်စေ ပိုင်းခြားထားသောဒေသ”ဟု အနက်ဖွင့်ဆိုပြထားပါသည်။

အဆိုပါ မြန်မာအဘိဓာန်တွင်ပင် “နိုင်ငံ” ကို အနက်ဖွင့်ထားသည်မှာ “ဘုရင်တစ်ဦးတည်း သို့မဟုတ် အစိုးရ တစ်ဖွဲ့တည်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော နယ်မြေအပိုင်းအခြား။ တစ်စုံတစ်ဦး တစ်စုံတစ်ရာ၏ လွှမ်းမိုးရာ နယ်ပယ်။ ပြည့်ဝသော။ သာလွန်သော။” ဟု ဖော်ပြထားပါသည်။ လက်ရှိပြည်ထောင်စုအမည်ခံ တိုင်းပြည်ကို “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်” ဟု ခေါ်ဝေါ်သည်။ “နိုင်ငံတော်” ဟူ၍ သုံးနှုန်းထားပါသည်။ အဆိုပါမြန်မာ အဘိဓာန်တွင် “တော်” ကို “မြင့်မြတ်သော” ဟု အနက်ဖွင့်ထားပါသည်။ တနည်းအားဖြင့် ခန့်ငြားထည်ဝါမှု ကြီးကျယ်မြင့်မြတ်မှုကို ဖော်ကျူးလိုသည့် သဘောဖြင့် “နိုင်ငံတော်” ဟု ပူးတွဲခေါ်ဝေါ်ပုံရသည်။ နိုင်ငံရေးအရ အတွေးနယ် ဆန့်ကြည့်လျှင်လည်း “တော်” မှာ အင်ပါယာကဲ့သို့ သဘောဆောင်သည့် အင်္ဂလိပ်ဘာသာဖြင့် “Imperial State” ကို ဖော်ညွှန်းလိုသည်ဟု လက်ရှိအုပ်ချုပ်ရေးမြို့တော်အမည် “နေပြည်တော်” ၌ မြန်မာ ပဒေသရာဇ်ခေတ်က ဘုရင်စစ်သူကြီး ရုပ်ထုကြီးများ စိုက်ထူထားပုံနှင့် အုပ်စိုးသူလူတန်းစားတို့၏ စိတ်နေစိတ်ထား ပြုမူကျင့်ကြံ နေထိုင်ကြပုံများက သက်သေထူနေသည်။ ဤသည်မှာ ဘာသာဗေဒအခြေခံရှုတောင့်မှ “ပြည်ထောင်” ဆိုင်ရာဝေါဟာရနှင့် ဆက်စပ်နေသော စကားလုံးများပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ နေပြည်တော်၌ အလေးပြုခံယူနေပုံ Postcard: Naypyidaw - TIME

ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ နေပြည်တော်၌ အလေးပြုခံယူနေပုံ Postcard: Naypyidaw – TIME

 

နိုင်ငံရေး အခြေခံရှုတောင့်မှ ကြည့်မည်ဆိုလျှင် ယနေ့ မိမိတို့နေထိုင်ရာ တိုင်းပြည်နယ်နိမိတ်ကို “ပြည်ထောင်စု” ဟု အသွင် သဏ္ဍာန်အရ သမုတ်ထားသည်။ ဂျပန်၊ ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့ နှစ်ပေါင်း (၁၀၀) ကျော်အုပ်ချုပ်ခဲ့ပြီး နောက်မှ ပြည်ထောင်စုသဏ္ဍာန်ကို ပုံဖော်လာခဲ့ခြင်း ဖြစ်သည်။ ကိုလိုနီနယ်ချဲ့တို့ လာရောက် ကျူးကျော်သိမ်းပိုက် အုပ်ချုပ်မှု မပြုလုပ်မီ ယခုပြည်ထောင်စု အဖွဲ့ဝင်များ အားလုံးသည် သီးခြားစီ လွတ်လပ်သော ပြည်ထောင်များအဖြစ် ရှိခဲ့ကြသည်။ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးယူပြီးနောက်မှာ ပြည်ထောင်စုဟူ၍ ခေါ်တွင်ကာ အင်္ဂလိပ်ဘာသာဖြင့် Union အဖြစ် (Union of Burma) ဟု အုပ်စိုးသူလူတန်းစားတို့ သတ်မှတ်ခဲ့ကြသည်။ ယနေ့ခေတ်တွင် ဥရောပသမဂ္ဂ / ဥရောပပြည်ထောင်စု (European Union – EU) ကဲ့သို့ သီးသန့် လွတ်လပ်သောဆန္ဒ (Free Will) အလျောက် လာရောက် ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်။ သို့ရာတွင် တိုင်းပြည် အုပ်စိုးသူများအနေဖြင့် ဤအနှစ်သာရကို မဖော်ဆောင်ဘဲ အတင်းအဓမ္မ ဖိနှိပ်အုပ်ချုပ်နေသဖြင့် အုပ်စိုးသူလူတန်းစားနှင့် လွတ်မြောက်လိုသူများအကြား ယနေ့ထိတိုင် စစ်ခင်းနေကြရပြီး၊ အနိဌာရုံများနှင့်အတူ တိုင်းပြည်မှာ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေရခြင်းဖြစ်သည်။ တိုင်းပြည်က ချမ်းသာ၍ လူထုက ဆင်းရဲနေရခြင်းသည် အုပ်စိုးလူတန်းစားများ၏ မှားယွင်းသော အတွေးအခေါ် အုပ်ချုပ်ရေး စနစ်တို့ကြောင့်သာ ဖြစ်သည်။ စနစ်အမှားကို လူမျိုးရေးအခြေခံဖြင့် ချဉ်းကပ်၍ လူမျိုးရေးမုန်းတီးမှုနှင့် အာဃာတများ တိုးပွားစေသော လူမျိုးရေးအခြေခံ စစ်ရေးပဋိပက္ခများမှာ ချုပ်ငြိမ်းရခက်ခဲသောအရာများအဖြစ် ကမ္ဘာ့သမိုင်းစာမျက်နှာများတွင် အထင်အရှားပြသထားပြီးဖြစ်သည်။ ဤပုံစံဖြင့် မြန်မာ့နိုင်ငံရေးက ခရီးဆက်နေသည်ဟု ဆိုရမည်ပင်။

ထို့ကြောင့် အစစ်အမှန် “ပြည်ထောင်စု” ကို တည်ဆောက်လိုလျှင် သီးခြားလွတ်လပ်သော “ပြည်ထောင်” များကို စုစည်းသည့် မိမိဆန္ဒအလျှောက် လာရောက်ပူးပေါင်းသော (Coming Together) “ပြည်ထောင်စု” ပုံစံဖြစ်ရမည်။ ပြည်တွင်းစစ်ကို သက်ဆိုး ရှည်စေသည့် အတင်းအဓမ္မ ဆွဲစီးထားသော (Holding Together) ပုံစံ မဖြစ်ရ။ ဤအခြေခံမှနေ၍ “ပြည်ထောင်” ဆိုသည်ကို ချဉ်းကပ်ကာ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Related Post

Comments

comments

Root Agency